Tuesday, February 12, 2008

ဇရာ .... သို့.... အသိတရားတစ်ခု...

“အိမ်ရှုင်နှင့် ဧည့်သည်များအား ကျွန်တော် ရုတ်တရက် မမှတ်မိသည်ကို ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်အောင် ဖြစ်နေပါသည်။ သူတို့ အားလုံးသည် အဘယ်ကြောင့် ရုပ်ဖျက်ထားသည့် ပုံပေါ်နေကြသနည်း။ အများအားဖြင့် နံ့သာမှုန့်ဖြူးထားသည့် ဆံပင်တုများကို တပ်ထားကြသဖြင့် ရုပ်တစ်မျိုးဖြစ်နေကြသည်။ သူတို့၏ မုတ်ဆိတ်မွှေးများမှာ ဖြူလျက်ရှိပြီး ခဲဆွဲထားသည့် ဖိနပ်ကို စီးထားသည့်နှယ် ခြေဒရွတ်တိုက်လျက်ရှိ၏။ နှုတ်ခမ်းမွေးများသည် ငလက်မ သစ်တောထဲက နှင်းခဲများ ဖုံးသလို ဖြူဆွတ်လျှက် ရှိသည်။” ဆရာမြသန်းတင့် ဘ၀နေနည်း အနုပညာထဲမှ ပရုစ်ရဲ့ ၀တ္ထုတစ်ပုဒ်ထဲတွင် ရေးသားထားသော ငယ်သူငယ်ချင်းတွေကို အနှစ် သုံးလေးဆယ်ကြာမှ ပြန်တွေ့ရတဲ့အခါ ရင်ထဲမှာ ပေါ်လာသော ခံစားချက်ကို ပြန်လည်မျှဝေခြင်းပါ။ ဘ၀သည် နှစ်ပေါင်းများစွာ ကြာလာသော အခါတွင် လူငယ်လေးများကို လူအိုကြီးများအဖြစ်သို့ ပြောင်းလဲပစ်လေ့ ရှိကြောင်းကို အမှတ်တမဲ့ အနေမှ အမှန်တကယ် ခံစား သဘောပေါက်မိပါပြီ။ နုပျိုခြင်းနဲ့ အိုမင်းခြင်းသည် နှေးကွေးစွာ ပြောင်းလဲခြင်းကြောင့် မည်သူမျှ သတိမထားမိခြင်းမှာ အပြစ်တစ်ခု မဟုတ်ပါ။ အိုမင်းခြင်းသည်လည်း အပြစ်တစ်ခုမဟုတ်ပါ။ သို့သော် တစ်ခါတစ်ရံ ကြားရသော စကားသံများမှာ အပြစ်တစ်ခုကဲ့သို့ပင် 'ဒီအဖိုးကြီးနှယ်.. အသက်ကြီးနေပြီ ကိုယ့်နေရာကို မနေဘူး။ နေရာတကာပါတယ်။ ကိုယ့်အသက်နဲ့ ကိုယ့်နေရာ မသိဘူး ထင်ပါရဲ့ ' အမှန်ပင် စိတ်ထိခိုက်စေသော စကားလုံးများပင် ဖြစ်ပါသည်။ လောကကြီးတွင် အိုမင်းခြင်း အတွက်သီးသန့် နေရာရှိပါသလား။ မည်သို့သော နေရာမျိုးနည်း။ တစ်ခါတစ်ရံတွင် 'ဒီအဖိုးကြီးနှယ် လွန်တာထက် အိုနေပါလား...အေးလေ ဦးနှောက်လေး ဘာလေးသုံးပါလား......ဒီခောတ် ကြီးထဲမှာ နုပျိုချင်ရင် လွယ်လွယ်လေး တုံးလိုက်တဲ့ဦးနှောက် 'အော်.. ဘုရား.. ဘုရား.... အိုမင်းခြင်းသည် ဦးနှောက်နဲ့ ဆိုင်ပါသလား။ ဦးနှောက် ကောင်းလျှင် မအိုမင်းတော့ဘူး တဲ့လား။ ရှိပါသေးသည်.. ' အဖိုးကြီးက ခါးကိုင်းကိုင်းနဲ့ style ပေါ့.....အေးလေး ဆံပင်ကအဖြူရောင် ဆိုးထားသေးတယ်.ဟီဟိ.' ငါ့ဘ၀က ဟာသ တစ်ခုလိုဘာဘဲလား... အိုမင်းခြင်းသည် ဟာသတစ်ခုလား။ ငါကိုပြောတဲ့ သူတို့တွေကော မအိုမင်းတော့ဘူးတဲ့လား။ ငါဘယ်အထိတာင် တွေးနေမိ ဘာလိမ့်ဟင်။အရှေ့မှာ တံခါး တစ်ချပ် ပွင့်လာပြီ ဘာတံခါးပါလိမ့်....မရဏ တံခါး ဆိုပါလား...အော်..ဘာလိုလိုနဲ့ ငါ့ဘ၀ရဲ့ နေ၀င်ချိန် ရောက်လာ ခဲ့ပါရော့ လား။ဟင်သူတို့ ငါဖြတ်သန်း ခဲ့တဲ့ ရှည်လျားတဲ့ ဘ၀လမ်း တစ်လျောက်မှာ ငါရှာခဲ့တဲ့ ပိုက်ဆံတွေ၊ ငါရခဲ့တဲ့ ရာထူးဂုဏ်တွေ၊ ငါဝယ်ခဲ့တဲ့အိမ်တွေ...... ကားတွေ.. စည်းစိမ်တွေ..၊ ငါ့ကိုချစ်လှပါပြီဆိုတဲ့ လူတွေ၊ ဟုတ်တယ် သူတို့တွေက ဘာလို့ငါနဲ့အတူ မလိုက်ကြတာလဲ။ ဘာလို့ ဟိုအဝေးကြီးက ကြည့်နေကြတာလဲ။ ခေါ်လို့လဲမရပါလား ငါသိပြီ ဒီတံခါးက ငါ့အတွက် သီးသန့်ဖွင့်ထားတဲ့တဲ့ တံခါးတစ်ချပ်ပါလား။သူတို့အတွက် တံခါးတွေလဲ တစ်ချိန်ချိန်မှာ ပွင့်လာကြဦး မှာပါလေ။ငါအားလုံးကို နားလည်လိုက်ပြီ... အားလုံးကို သဘောပေါက်ခဲ့ပါပြီ.... ငါ မျက်ရည်တွေ ကျနေပါရော့လား ကျသင့်ပါတယ်လေ။ တန်ဖိုးရှိတဲ့ မျက်ရည်တွေပါ.. ငါထားခဲ့ရတဲ့အရာတွေ အတွက်ကျတဲ့ မျက်ရည်မှမဟုတ်တာ။ နောက်ကျခဲ့တဲ့ အသိတရားများစွာအတွက ကျတဲ့မျက်ရည်တွေပါ ငါလိုမျိုး အသိတရား နောက်ကျမှု့တွေ မကြုံကြပါစေနဲ့လို့ အားလုံးကို ဆုတောင်းပေးခဲ့ပါတယ်။ ခဏတာ လည်ပတ်ခွင့်ပေးတဲ့ လောကကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးကိုလဲ ဒီနေရာကနေ နှုတ်ဆက်ခဲ့ပါတယ် ............. သံသရာတစ်ကွေ့ ပြန်တွေ့မယ်လို့ မျှော်လင့်ရင်း ...................။