Thursday, March 27, 2008

မှတ်သားစရာ

ရေကိုပိုင်းဖြတ်၍ မရဟု ပြောသောသူသည် ရေကို ခဲအောင်ပြုသော အတတ်ကို မသိသူဖြစ်သည်။

ဘီလီဂေးဒွန်


တွင်းချိုင့်များ မရှိသောလမ်းသည် ခရီးသွားရန် ထိုက်သော လမ်းအဟုတ်ချေ။

ဂျွန်ဟူးအား


ရင်ထဲတွင် သင်မည်သို့ ခံစားနေရသည်ဖြစ်စေ အပြုံးတစ်ပွင့် ဆင်ထားပါ။

စကားပုံ


အိုးလွတ်များ ပို၍ အသံမြည်သည်။

စကားပုံ


အတန်းထဲတွင် အတော်ဆုံးသည် လောကထဲတွင် အတော်ဆုံး ဖြစ်ခဲသည်။လောကတွင် အတော်ဆုံးသည် သူ့အတန်းအစား ထဲတွင် အကောင်းဆုံး ဖြစ်ခဲသည်။

အမည်မသိ


ချိုသာခြင်းကို ကောင်းသည်ဟုဆိုကြသည်။သို့သော် အချိုဓတ်က သွားကိုက်စေတတ်ကြောင်း အမှတ်ရပါ။

ဘော့ဒလန်


ခွင့်လွှတ်ခြင်းသည် မေ့ပျောက်ခြင်းထက် လွယ်ကူသည်။

အမည်မသိ


သေးငယ်သော ကျောက်စရစ်ခဲသည် ကြီးမားသော ရေဂယက်ကို ထစေနိုင်သည်။

အယ်ဗွန်ဆို


သဲပြင်ပေါ်တွင် တည်ဆောက်သူသည် သူ့ဆောက်အဦး ပြိုကျမှုကို လက်ခံ ရမည်။

ပေါလ်


အေးအေးဆေးဆေး နေပါ။သင်လောကကို မည်သို့ ရင်ဆိုင်သည် ဖြစ်စေ သင့်သက်တမ်း ကုန်သည့်အထိ သင်နေရမည်ပင်။

စတီဗင်အက်တာ


အမှောင်နှင့်အလင်းကို ဖန်တီးနိုင်သော်လည်း ညနှင့်နေ့ကို မဖန်တီး နိုင်သော သင်လူသား ဘ၀င်မမြင့်ပါနဲ့။

တမိုသီဘရောင်း


မိမိကိုယ်မိမိ ကွပ်ကဲရန် အစွမ်းရှိသူတို့သာလျှင် တစ်ပါးသူကို ကွပ်ကဲရန် အစွမ်းရှိသည်။

သြဂပ်စတင်း


ထာဝရတည်သော စကားလုံးများဖြင့် စကားပြောဆိုပါ။

အမည်မသိ


တစ်ခါတစ်ရံ မချောကိုရသူသည် ကိုကျည်းတန် ဖြစ်တတ်သည်။

ကလဲရင့်ဟောင်း


ဝတ်စားဆင်ယင်ပုံသည် သင့်ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြသည်။

ဆူဆန်ပတ်ခ်


သင် မပြုပြင်နိုင်သော အရာကို မချိုးဖျက်ပါနှင့်။

မလေးရှားစကားပုံ


သင်အမှတ်ရသည့် အရာများသည် လောကတွင် သူတစ်ပါး အမှတ်ရသည့် အရာများလောက် အရာမ၀င်ချေ။(အကြွေး..)

မိုက်ကလ်ရိုဆဲလ်

ဘ၀နှင့်လူ

လူတိုင်း၏ ဘ၀တွင် အခွင့်အရေးသည် သုံးချိန်သုံးခါ တံခါးခေါက်သည်။

အမည်မသိ


ဝေဒနာခံစားရခြင်းသည် ဘ၀၏ အစိပ်အပိုင်း တစ်ခု ဖြစ်သော်လည်း မည်သည့်အခါမှာမှ သူတပါး၏ အသည်း ကို မခွဲပါနှင့်။

ဆောဆာ အာမီနီ


သတိရတတ်ပါ၊မေ့လျော့တတ်ပါ၊အဘယ်ကြောင့်ဆိုသော် ဘ၀တွင် အချို့အရာများမှာ အမှတ်ရထိုက်ပြီး၊အချို့ အရာများမှာ မေ့လျော့ထိုက်သည်။

ရစ်ချတ်ဘတ်


ဘ၀သည် နှင်းဆီဥယျဉ်တစ်ခု မဟုတ်ချေ။

အမည်မသိ


ဘ၀အချိန် အလွန်နှောင်းသောအခါမှ လူသည် သူလျှေက်သင့်ခဲ့သည့် ပိုကောင်းသောလမ်းကို မြင်လေ့ရှိသည်။

အာဒမ်စမစ်


လူအလူနအဖြစ် နေမည်အစား သေသော်မှ ကောင်း၏။

သြဂတ်စတင်း


မည်သည့်သက်ရှိလူသားမှ အပြစ်ကင်းသည့် စင်းလုံးချော ဘ၀ မနေဘူးချေ။

နာသန်နရယ်ဟောသရွန်


ပျော့ညံ့သူအတွက်ဘ၀သည် ၀န်ထုပ် ဖြစ်သည်၊ကြံခိုင်သူအတွက် ဘ၀သည် စိန်ခေါ်ချက်ဖြစ်သည်။

ရန်ဒေါ့လ်ချာချီ


ကြီးမြတ်သော ပုဂ္ဂိုလ်များ ဖြစ်စေ သာမန်လူများပင် ဖြစ်စေ လူတိုင်းသည် တစ်ဘ၀စာမျှသာ အသက်ရှင် နေထိုင်စွမ်းရှိသည်။

တီအီလောရင့်ဇ်


လူတိုင်းအတွက် ကောင်းဆုံးရေမွေးက နာမည်ကောင်း တစ်ခုပင် ဖြစ်သည်။

ဒန်နရယ်စတီဗင်


လူသည်ငွေကို ဖန်တီးပြီး ငွေ၏ကျွန် ဖြစ်လာခဲ့သည်။

ချားလ်ဂွတ်ယား


စကနာ ဦးကပင် ယောက်ျားသည် မိန်းများ၏ အမောင်းကို ခံလာခဲ့ ရပေသည်။မိခင်၊ ဇနီး၊သမီး၏ အမောင်းကို ခံလာခဲ့ ရပေသည်။

ဂျိုးဇက်ဂျေ လပ်ဆက်ခ်


သူကြွယ်၏ ဟာသသည် အမြဲတစေ ရယ်စရာ ကောင်းသည်။

သောမတ်စ်အက်ဒ၀ပ်ဘရောင်း


ကျေက်မျက်ကို ပွတ်တိုက်မှု မပြုဘဲ အရာင်တင်၍ မရချေ၊ထို့အတူ လူကို စမ်း သပ်မှု မပြုဘဲ ပြည့်ဝအောင် ပြု၍မ ရချေ။

တရုတ်စကားပုံ


အချို့သောသူများသည် ထူးထူးခြားခြား ထုံအရန် ပါရမီ ရှိသည်။

ဂျင်းလာဗိုက်ဆော့

အချိန်

မည်သည့်အခါမှာမှ ရှုံးနိမ့်မှုကို လက်မခံပါနှင့်.သိုသော် နောက်ဆုတ်သင့်သည့် အချိန်ကိုသိပါ။

ရောဘတ်စီဘရောင်း


အချိန်နှင့် ဒီရေသည် လူကို မစောင့်။

အမည်မသိ


အချိန်ဖြုန်းတီးမှု ကို ပြစ်မှု တစ်ခု ကျူးလွန်သည့် အလား ပြုကျင့်ပါ။

ဂျော့စ်ဆမ်မြူလ်


အချိန်သည် အကောင်းဆုံး သမားတော် ဖြစ်သည်။

လူးဝစ်ဒီဘေးစ်


အောင်မြင်သောသူများသည် အချိန်ကာလကို အကောင်းဆုံး အသုံးချ ခဲ့သူများဖြစ်သည်။

ဂျော့ခ်ပက်တွန်


အချိန်သည် ကျွန်ကောင်းဖြစ်သောလည်း သခင်ဆိုး ဖြစ်သည်။

အမည်မသိ


ကလေးငယ်တစ်ဦး နှင့် ကစားရင် အချိန်ပေး နိုင်သူသည် မည်သည့်အခါမှာမှ မိတ်ဆွေချို့တဲ့မည် မဟုတ်ချေ။

အယ်ဖရက်လိုနာ

အသည်းနှလုံး

မည်သည့်အခါမှ စိတ်ဓတ်မကျပါနှင့်။နေ့တစ်နေ့ဆိုတာ ရှိစမြဲပါ။

ကောနီအက်စပီနာ


အသည်းနှလုံး တည်ရာသည် အိမ်မက်ဖြစ်သည်။

အမည်မသိ


ကွာဝေးနေမှုသည် အသည်းနှလုံးကို ပို၍ မြတ်နိုးတတ်စေသည်။

အမည်မသိ


အသည်းနှလုံးသည် စိတ်ထက်ပို၍ လွယ်ကူစွာ ခွင့်လွှတ်သည်။

ဂျိမ်းစ်ကော်လင်း


ပစ်ပယ်ခံရသော အသည်းနှလုံး၏ ဒေါသကို မည်သည့်အခါမှ ငြမ်းသတ်၍ မရချေ။

စတူကော့စ်တယ်လို


သင့်အား အသည်းနှလုံးမရှိဘဲ နေထိုင်ခွင့် ပေးမည်ဆိုလျှငိ ယူလိုက်ပါ။သင့်ဒုက္ခများ ထက်ဝက်လျော့ပါး သွားစေမည်။

ဂျိုးဇက်ရိဒ်


အသည်းနှလုံးကို အလွက်တကူ ပေးလိုက်သူသည် အသည်းနှလုံးကို ဆိုးဝါးစွာ ဆက်ဆံခံရသည့် အဖြစ်ကို မလွှဲမသွေကြုံရမည်။

အမည်မသိ


အချစ်သည် အသည်းနှလုံးကို အမြဲ အဟာရ ဖြည့်ပေးသည်။

အက်စ်နက်စဆန့်ဖို့


ဘ၀တွင် အသည်းနှလုံးကို အမြဲတစေပင် စိတ်အသိက ချုံခို တိုက်ခိုက်ရန် ကြံနေတတ်သည်။

ဂျိုးနာသန်ဖူးလ်ဟမ်း


အသည်းနှလုံးသည် သူဆင်းရဲ သူချမ်းသာ ကိုမမြင်ချေ။

အမည်မသိ

အချစ်

အချစ်သည် ငယ်ရွယ်သူတို့အတွက် အိပ်မက်ကောင်း၊အိုမင်းသူတို့အတွက် အိပ်မယ်ဆိုး ဖြစ်သည်။

အမည်မသိ


အချစ်စစ်သည် မည်သည်အခါမျှ ပြေညက်စွာ ဖြစ်ထွန်း သည်ဟု မရှိချေ။သို့တိုင်အောင် ယင်းခံထားရသော အသည်းနာမှုများနှင့် မျက်ရည်များ တွေသာ ပါသည်။

အမည်မသိ


အချစ်သည် လူတို့ ၀မ်းမြောက်ဝမ်းသာ ထမ်းပိုးသော ၀န်ထုပ် ဖြစ်သည်။

ဂျော့ခ်သြဂတ်စ်


တစိမ်းကို မည်သည့်အခါမှ မချစ်ပါနှင့်

စကားပုံ


အချစ်သည် မည်သည့်အခါမှ ထာဝရ မတည်ချေ။လစန္ဒာ ကဲ့သို့ပင် ဆန်းတစ်ခါ ဆုတ်တစ်လှည့် သွားသည်။

ဒယ်နစ်ရောဘင်စ်


အချစ်သည် ထာဝရတည်ရှိကြောင်း အရူးအမိုက် များသာယုံကြည်သည်။

တေလာကလက်ဝဲလ်


လူတိုင်းလူတိုင်းသည် သူ့အချစ်ဇတ်လမ်းသာ မဟာအချစ်ဇတ်လမ်း ဟု ထင်တတ်သည်။

အဒ်မွန်အက်ဘေး


အချစ်ပြင်းထန်လျှင် အမုန်းပြင်းထန်သည်။

ဘားနစ်ဒီရို့


ဘ၀ပြဿနာ ၉၀ ရာခိုင်နှုန်းမှာ အချစ်ကြောင့် ဖြစ်ပွားသည်။

ကော်လင်းလက်ခ်နာ


ချစ်ဟန်ဆောင်ရန် လွယ်ကူလှပေသည်။ထို့ကြောင့် ယောကျာ်းအများစု အယုံသွင်း ခံရလေ့ ရှိသည်။

ဖိတ်လီအွန်


အချစ်နှင့် အမုန်းသည် ဒင်္ဂါးတစ်ခု၏ မျက်နှာစာ နှစ်ဖက် ဖြစ်သည်။

အမည်မသိ


ဘ၀သာ ၀င်ရှုပ်မနေလျှင် ချစ်ရသည်က ပျော်စရာပင် ဖြစ်သည်။

မက်ဘူးန်


အချစ်ကို စီးကရက်တစ်လိပ်လို သဘောထားပါ။အခွင့်သာတုန်း ၀မ်းမြောက်ဝမ်းသာ ခံစားပါ။သို့သော် သင့် အသည်း နှလုံးကို ထိခိုက်စေကြောင်း သတိထားပါ။

အမည်မသိ

Monday, March 17, 2008

မှန်လော..မှားလော..

ကမ္ဘာကြီးကို စတင်ဖန်တီးစဉ် ကာလတစ်ခုကပေါ့။ဘုရားသခင်သည် လောကကြီးအတွက် အရာအားလုံးကို ဖန်ဆင်းတော် မှုခဲ့သည်။
(၁)
ပထမဦးစွာ သူသည် မြည်းတစ်ကောင်ကို ဖန်တီးတော်မှုသည်။ထို့နောက် ထိုမြည်းကို ဘုရားသခင်က မှာကြားသည်။
“မင်းဟာ မြည်းတစ်ကောင် ဖြစ်လိမ့်မယ်။အဲ့ဒီအခါ မင်းဟာ နေထွက်ချိန်ကနေ နေ၀င်ချိန်ထိ မမောမပန်းတမ်း ၀န်ထုပ် တွေကို မင်းရဲ့ကျောပေါ်မှာ တင်ဆောင် အလုပ်လုပ် ရပါလိမ့်မယ်။မင်းဟာ မြက်ကိုသာ စားရမယ်။ဒါ့အပြင် မင်းမှာ ဘာအသိညာဏ်မှ ရှိမှာ မဟုတ်ဘူး။မင်းသက်တမ်း ကတော့ နှစ် (၅၀) ဖြစ်တယ်။”
ထိုအခါ မြည်းက ပြန်ဖြေတယ်။
“ဟုတ်ပါပြီ ကျွန်တော် သဘောတူပါတယ်။ဒါပေမယ့် နှစ် (၅၀)ကတော့ များလွန်းပါတယ်။နှစ်(၂၀)လောက်ဘဲ ပေးစေချင် ပါတယ်။
“ကောင်းပြီ မင်းအလို အတိုင်း ဖြစ်စေ”ဟု ဘုရားသခင်က ဖြေတော်မှုခဲ့ပြီး မြည်းကိုဖန်ဆင်းတော် မှုခဲ့ပါတယ်။
(၂)
ဒုတိယ အနေဖြင့် ဘုရားသခင်က ခွေးကို ဖန်ဆင်းတော် မှုပါတယ်။
“မင်းအနေနဲ့ လူတွေရဲ့ အိမ်ကို စောင့်ရှောက်ရမယ်။မင်းဟာလူတွေရဲ့ အကောင်းဆုံး အဖော် ဖြစ်လာလိမ့်မယ်။
မင်းအနေနဲ့ လူတွေရဲ့ စားကြွင်းစားကျန် တွေကို သူတို့ ကျွေးတဲ့ အခါ စားရမယ်။မင်း သက်တမ်းက (၃၀)”
ခွေးက ပြာပြာသလဲ ပြန်ဖြေပါတယ်။
“အဖ ဘုရားသခင် ၃၀ ကတော့များလွန်း ပါတယ်။၁၅ နှစ်လောက်ပဲ ပေးပါ။”
“ဟုတ်ပြီ မင်းဆန္ဒ အတိုင်း ဖြစ်စေ”ဟု ဘုရားသခင်က ပြောလျှက် ထိုနည်းအတိုင်း ခွေးကို ဖန်တီးလိုက် ပါသည်။
(၃)
ထို့နောက် ဘုရားသခင်က မျောက်ကို ဖန်တီးသည်။

“မင်းဟာ မျောက်တစ်ကောင် ဖြစ်လိမ့်မယ် ။မင်းဟာ တစ်ကိုင်း ကနေ တစ်ကိုင်းကို မျက်စိနောက် လောက် အောင် လွှဲခို ကူးသန်း နေရမယ်။မင်းကို ပျော်စရာ ဖျော်ဖြေရေး သတ္တ၀ါ အနေနဲ့ လူတွေက သဘောကြ လိမ့်မယ်။ပြီးတော့ မင်းရဲ့ သက်တမ်း ကတော့(၂၀) ဖြစ်တယ်။”
မျောက်က (၁၀)နှစ်ဟု စောဒက တက်သည်။
ဘုရားသခင်က လက်ခံသဘောတူ၍ မျောက်ကို ဖန်ဆင်းပေးတော် မှုလိုက်သည်။
(၄)
နောက်ဆုံးတွင် ဘုရားသခင်က လူသားကို ဖန်ဆင်းတော် မှုသည်။
“မင်းဟာ လူသား တစ်ယောက် ဖြစ်လာမယ်။ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကျိုးကြောင်း ဆင်ခြင် တွေးခေါ် နိုင်တဲ့ သတ္တ၀ါ ဖြစ်တယ်။ အသိညာဏ် ကိုအသုံးချပြီး ကမ္ဘာ တစ်ခုလုံး ကိုတောင် စိုးမိုးနိုင်တယ်။မင်းရဲ့ သက်တမ်း က(၂၀) ဖြစ်တယ်”
လူသားက ပြန်ပြောသည်။“လူသား အဖြစ် သဘော တူပါတယ်။သက်တမ်းက အရမ်း နည်းပါတယ်။ဒီလို လုပ်ပါ။
မြည်းမ လိုချင်တဲ့ အနှစ်(၃၀)၊ ခွေးရဲ့ (၁၅)နှစ်ရယ်၊ မျောက်ရဲ့ သက်တမ်း (၁၀)နှစ် ရယ်ကို ကျွန်တော့်ကိုပေါင်းထည့် ပေးပါ။”
ဘုရားသခင်က စဉ်းစားတော် မှုပြီးမှ သဘောတူ ခွင့်ပြုတော် မှုလိုက်သည်။ထို့နောက် လူသားဖြစ်လာလေသည်။
(၅)
ထိုအချိန်မှ စ၍.............
လူတို့သည် လူသားအဖြစ် အနှစ်(၂၀) ပျော်ပျော် ရွှင်ရွှင် နေရသည်။ထို့နောက် သူသည် လက်ထပ် အိမ်ထောင်ပြု၍ အနှစ် (၃၀) ခန့်ကို မြည်းတစ်ကောင် နှင့်မခြား လုပ်ကိုင် ဆောင်ရွက် ရသည်။နေထွက်မှ နေ၀င်ထိ မယားတာဝန်၊ သားသမီး တာဝန်ကို ပခုံးတွင် ပိကာ ပင်းပန်းကြီးစွာ လုပ်ကိုင် ရှာဖွေရလေသည်။
သူ၏ သားသမီးများ အရွယ်ရောက် လာသောအခါ သူသည် (၁၅)နှစ်ခန့် ခွေးတစ်ကောင်လို နေရသည်။သားသမီးများ အလုပ်သွားသောအခါ သူသည် အိမ်စောင့် ကျန်ရစ်ခဲ့ရသည်။သူတို့ ကျွေးမွေးသော အစားသောက်များစားသောက်၍ နေထိုင်ရှင်သန် ရလေသည်။
ထို့နောက် လူတွေ အသက်ကြီးလာပြီ ။အလုပ် များမှ အနား ယူလိုက်သည်။(၁၀)နှစ်ခန့်ကို မျောက်တစ်ကောင် ကဲ့သို့ နေထိုင်ရပြန်သည်။အဘယ်ကြောင့်ဆိုသော် သူသည် သားသမီးများ ရှိရာ အိမ်များသို့ ဟိုမှဒီ အလည်အပတ် သွားရောက်လျှက် ရောက်သောအခါ တွင်လည်း သူ၏ မြေးများ ပျောရွှင်အောင် ရယ်မော်အောင် ထိန်းချော့ရ သောကြောင့်တည်း။ ။


Saturday, March 15, 2008

မတူညီသောအမြင်များနှင့် ရင်ဘတ်ထဲက သစ္စာတရား

ငါဟာ စစ်သား တစ်ယောက်ဖြစ်တယ်…ရည်မှန်းချက် တွေနဲ့ ရှင်သန်ခဲ့တဲ့ စစ်သား တစ် ယောက် အဲဒီတော့ အရှင်း ဆုံး စကားနဲ့ ငါ့ရင်ထဲက သစ္စာတရားကိုပဲ ပြောပြမယ်…မင်းနဲ့ငါက သူငယ်ချင်း….မူလတန်း အရွယ် ကထဲက ပုခုံးဖက်ပြီး ကြီးပြင်းခဲ့တဲ့ သူငယ်ချင်း…ဘယ်လို အကြောင်းမျိုးနဲ့မှ မခွဲခွာခဲ့တဲ့ ငါတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်မှုကို ပျက်စီးစေတဲ့ အကြောင်းအရာ တွေကို ရေးတဲ့ သူတွေကော မင်းကိုကော နားလည် စေချင် လို့ကို ငါဒီအကြောင်းကို ရေးတာ..ကျွန်တော့် ရည်မှန်းချက် ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ငါတို့ နှစ်ယောက် ရေးခဲ့တဲ့ အကြောင်းအရာ တွေကို မင်းမှတ်မိလား… ငါကစစ်သား တစ်ယောက် မင်းက ကျောင်း ဆရာ တစ်ယောက် အကြောင်း..မတူညီတဲ့ စာစီစာကုံး ထဲက မျှော်လင့်ချက် တွေကို ငါပဲ အကောင် အထည် ဖော်နိုင်ခဲ့တာလေ...ဒီပညာတွေ တတ်ပြီးရင် ကျေးလက်ဒေသတွေမှာ ပညာတွေ ပြန်သင်ပေးမယ် ဆိုပြီး စာစီ စာကုံး ရေးခဲ့တဲ့ သူငယ်ချင်း တစ်ယောက်က အခုတော့ ဒီပညာရေးဟာ အဆင့်အတန်း လုံးဝ မရှိဘူး ဆိုတဲ့ စကားကို မင်းမျက်စိမှိတ်ပြီး ပြောထွက်ပြန်ပြီ.့.. မင်းရေးခဲ့တဲ့ ကျွန်တော့် ရည်မှန်းချက် ဆိုတာကို ပြန်တောင် မမှတ်မိတော့ဘူးပေါ့..ဆယ်တန်းအောင် စာရင်း မထွက်ခင် အချိန်ထိ ငါတို့နှစ်ယောက် ကိုယ်စီ စိတ်ကူးတွေ ပြောရင်း ရူးခဲ့ကြတာတွေကို မင်း လွယ်လွယ်လေး မေ့သွားတာလား..လွယ်လွယ်နဲ့မအောင်မြင်နိုင်လို့ မင်း နောက် စာသင်နှစ် တစ်ခုမှာ ကြိုးစား နေတုန်းမှာ ငါက ငါ့ရည်မှန်းချက်ကို အကောင် အထည် ဖော်နေပြီ ..လူတိုင်းမှာ ကိုယ်အားကျ လေးစားတဲ့ ပုဂ္ဂိုလ်တွေရှိတာပဲ…ငယ်ငယ်တုန်းက သင်ခဲ့တဲ့ ငထင်ငယ် အကြောင်းကို မှတ်မိလား…သူ့ဆန်စားတော့ ရဲရသည် ဆိုပြီး အသက်ငယ်ငယ်နဲ့ သူရဲကောင်း ဖြစ်တဲ့ သူပေါ့ ..မင်းရဲကျော်စွာ၊ တပင်ရွှေထီး၊ဘုရင့်နောင်၊အလောင်းဘုရား၊.သတ္တိရှိလို့သူရဲကောင်းလို့ သမိုင်းမှာ သက်မှတ်ခြင်း ခံရတာ…။ ။
ပြီးတော့ ကိုယ့်ကို ကိုယ်လဲ ဂုဏ်ယူတတ်ရမယ်..ငါက စစ်သားတစ်ယောက် ဖြစ်တဲ့အတွက် ငါ့ကိုယ်ငါ ဂုဏ်ယူ တယ် သူငယ်ချင်း… ယောက်ျားတိုင်းဟာ စစ်သား မဖြစ်နိုင်ဘူး..ဒါပေမယ့် စစ်သားတိုင်းက ယောက်ျားပဲ ဖြစ်ရ မယ်…ဒါကငါ့ကိုယ်ငါ ဂုဏ်ယူမိတဲ့ ပထမအချက်…ငါထပ်ပြောမယ် သူငယ်ချင်း…မင်းတိုင်းပြညိအတွက် ဆိုပြီး ဘာလုပ်ဖူးလဲ….ငါအဲဒီစကားကို ပြောတိုင်း မင်းငါ့ကို ဒေါသထွက်တယ်.ထွက်စမ်းပါ သူငယ်ချင်း..ဘယ်အနာမဆို ဒုတ်ကျရင် နာတာကြီးပဲ…ငါစစ်သား လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာ ဟိုးငယ်စဉ် ငါမသိတတ်ခင် ကထဲက …ဘယ် တော့ မှ မပြောင်းလဲတဲ့ ငါ့ရဲ့ဆုံးဖြတ်ချက် တစ်ခုအတွက် ငါဘယ်တော့မှ နောင်တ မရဘူး သူငယ်ချင်း. ...... ဗိုလ်လောင်း သင်တန်းပြီးလို့ငါဘယ်မှာ တာဝန်ကျခဲ့လဲ ဆိုတာ မင်းသိပါတယ်…မောင်နှမတွေလို ရင်းနှီးတဲ့ မင်း အမေ နဲ့ငါ့အမေ ဘုရားသွားပြီး အန္တရာယ် ကင်းပါစေဆိုပြီး အမြဲဆုတောင်း နေရတဲ့ နေရာ..ငါ့ကိုယ်ကျိုး အတွက် လုပ်ချင်မှတော့ ငါ့အဖေဆိုင်မှာ ကောင်တာ ထိုင်ရုံနဲ့ ဖြစ်ပါတယ်…ငါရတဲ့လစာဟာ မင်းအခုရနေတဲ့ လစာတွေ ယှဉ်ရင် ၁၀ ပုံ ၁ ပုံမရှိပါဘူး..ငါသေခဲ့ရင်တောင် ငါ့အဖေအမေ အနီးမှာ သေခွင့်မရှိဘူး …ငါ့ကိုယ်လက် အင်္ဂါတွေ ပြတ်တောက် သွားမှာကိုလဲ ငါဂရုမစိုက်ဘူး….ဒါပေမယ့် တိုင်းပြည်တာဝန် ထမ်းဆောင်တာလို့ ခေါင်းစဉ်တပ်ခွင့် ရတဲ့အတွက် ငါကျေနပ်တယ် သူငယ်ချင်း..စစ်သားဖြစ်တဲ့ ငါ့ကိုယ်ငါ ဂုဏ်ယူတယ်…ဘာလို့လဲဆိုတော့ ငါဟာ ရည်မှန်းချက်နဲ့ ရှင်သန်ခဲ့တဲ့ စစ်သား တစ်ယောက် ဖြစ်လို့…မင်းပြောချင်တဲ့ မှိုင်းသွင်းခြင်း ခံရတယ် ဆိုတဲ့ စကားလုံး ..ငါစစ် တက္ကသိုလ်က ဆင်းတာ မင်းသိပါတယ်…ငါတို့ကျောင်းဆင်းပွဲမှာ ငါတို့ခေါင်းဆောင်ကြီးတွေ ပြောခဲ့တဲ့ မိန့်ခွန်းကို မင်း နားထောင် ဖူးလား..သတင်းစာ မှာကော မင်းဖတ် ဖူးလား. .ဟေ့ကောင်..စစ်သား ဆိုတာ ပြည်သူ ထဲကပဲ ဖြစ်လာတာ. .တိုင်းပြည် လိုအပ်ချက် အရ စစ်သား ဖြစ်လာခဲ့ရတာ…လူတန်းစား မျိုးစုံနဲ့ ပြည်သူထဲကနေ ဖြစ်လာတဲ့ တပ်မတော် ပါ ဆိုပြီး ပြောရင် မင်းငြင်းအုံးမှာလား….ငါတို့ဆိုနေတဲ့ သစ္စာလေးရပ် ကိုကော မင်းသိလို့လား..စစ်သား အကြောင်း သိချင်ရင် ကိုယ်တိုင် စစ်သား လုပ်ကြည့် သူငယ်ချင်း. .အမိန့် မနာခံနိုင်ရင် စစ်သားမဖြစ်ဘူးကွ….စစ်သားဖြစ်လို့ အမိန်ကို နာခံတာ မှိုင်းသွင်းတာ မဟုတ်ဘူးကွ…သေနတ်ကိုယ်စီ ကိုင်ပြီး လူတန်းစား မျိုးစုံရှိတဲ့ စစ်တပ်ကြီးကို အုပ်ချုပ်ဖို့ တပ်မတော်သား အတွက် အမိန့် ဆိုတာ ရှိ တယ်..ဒါပေမယ့် သေနတ်ကိုင်တိုင်း သူရဲကောင်းမဟုတ်ဘူး…တစ်ဖက်နိုင်ငံကို ခြေကုပ်ယူ၊ ကိုယ့်တိုင်းပြည်ကို စိတ်ပိုင်းဖို့ ကြိုးစား နေသူတွေကို စစ်သား မုန်းတာတစ်ခုနဲ့ သူရဲကောင်းတွေလို့ မင်းပါးစပ်မို့ ပြောထွက် တယ် .......စစ်ဗိုလ်ဆိုရင် အထင်မကြီးဘူးလို့ မင်းက ပြောတယ်…အသက်အရွယ် အရကြည့်ရင် မင်းနဲ့ငါနဲ့ ရွယ်တူ..မင်းနားမှာ နားကပ်နဲ့၊ မင်းခေါင်းမှာ ဆံပင်ရှည်အနီရောင်နဲ့၊ မင်းကိုယ်မှာ သောင်းကျော်တန် အ၀တ်အစား နဲ့၊……..မှန်ကို အရင်ကြည့်ပါ သူငယ်ချင်း.ပိုက်ဆံရှိလို့ လူငယ်မို့လို့ လူငယ်လို နေတာ ဘာမှတော့ မဆန်း ပါဘူး …ဒါပေမယ့် သူ့ဘာသာနေပြီး ယူနီဖောင်းဝတ် စစ်သားကို မင်းကဘာ အမြင်မကြည်ရတာလဲ.. မင်းဘာသာမင်း ပိုက်ဆံ ချမ်းသာချင်တာနဲ့ တပ်မတော်နဲ့ ဘာဆိုင်လို့လဲ..ဒီမိုကရေစီမရှိလို့ မင်းက နိုင်ငံခြား သွားပြီး အလုပ် လုပ် နေရတယ်ဆိုရင်၊ ငါကကော ဒီမိုကရေစီ မရလို့ စစ်သား လုပ်နေ ရတာလား…ဘယ်သူမဆို ကိုယ့်တိုင်းပြည် ကိုတိုးတက် စေချင် တာကြီး ပဲ..လူကြီးတွေလဲ သူ့ဘာသာ ကြိုးစားနေတာပဲ..ဒါတွေကထား…ငါပြောချင်တာက ငါ့ခံယူချက် သက်သက်….ငါရှရှားမှာ ငါစာလာသင်ရတယ်..ပြည်သူက ကျွေးတဲ့ ထမင်းကို စားတယ်..ငါစာမေးပွဲ အောင်အောင်လုပ်နေတာ ငါတိုင်းပြည် အတွက် လုပ်နေတာလေ..တကယ်လို့ စစ်မြေပြင်မှာ တာဝန်ကျရင်လဲ ငါ့တိုင်းပြည်အတွက် ငါတာဝန် ကျေရအုံးမှာပဲ..မင်းကိုယ်တိုင် ပြည်သူက ကျွေးတဲ့ ထမင်းကို စားရဲလား မေးကြည့်…တစ်ချိန်ထဲမှာပဲ ငါတို့ကျောင်းက ဆရာမတွေ၊ ကျောင်းအသီးသီးက ပညာရှင် တွေ သူတို့တွေ အားလုံးကိုလဲ နိုင်ငံခြား တိုင်းပြည်တွေကို ပြည်သူပေးတဲ့ လစာတွေနဲ့ စေလွှတ်နေတာပဲ မဟုတ်လား … အဖက် ဖက် ကနေပြီးတော့ တိုင်းပြည်အတွက် ကြိုးစားနေကြတဲ့ အချိန်မှာ ငါတို့လူငယ်တွေ ဘာလို့ မစည်းလုံး ကြ တာ လဲ..စစ်တပ်ဆိုတာ တိုင်းပြည် အတွက် မလိုအပ် ဘူးလားပြော …ငါတို့လူငယ်တွေ ကကော တပ်မတော် ထဲ ၀င်ပြီး နိုင်ငံတော်ကို ကာကွယ်ဖို့ မလိုအပ် ဘူးလားပြော…မင်းမလုပ်နိုင်လို့ ငါလုပ်ခဲ့တာကို မင်းက ဘာလို့အခုမှ အပြစ်လာတင်ရတာလဲ...........ဘလော့ဂ်တွေကို နှစ်နှစ်သက်သက် ဖတ်တတ်တဲ့ မင်းဖတ်ခဲ့တဲ့ blog တွေထဲမှာ ဘယ်ဘလော့က တိုင်းပြည်အတွက် တစ်ခန်း တစ်နေရာကပါပြီး လုပ်နေသလဲ..ဘယ် blog က သူများအကြောင်း မဟုတ် တာ တွေရေး နေသလဲ..နည်းနည်းလေးမှ စဉ်းစား နိုင်စွမ်း မင်းမှာမရှိတော့ဘူးလား…သတင်းထက် အတင်းကို လူတွေက ပိုစိတ်ဝင်စား ကြတယ်..သတင်း လိုလို၊အတင်းလိုလိုနဲ့ သတင်းမဟုတ်တဲ့ အတင်း တွေကြား မှာ ငါတို့ရွယ်တူ လူငယ်ချင်းတွေကို သွေးကွဲဖို့ မှိုင်းတိုက်နေကြပြီ… မှိုင်းသွင်းခံထားရတယ် ဆိုတဲ့ ငါတို့က နား လည်ပြီး မင်းက ဘာလို့နားမလည် ရတာလဲ..သူများအကြောင်း မကောင်းရေး တာတော့ လူတိုင်း ပြောတတ် တာပဲကွာ…တိုင်းရင်းသူလေး တွေကို ဘာလုပ်တယ် ဘာညာဆိုပြီး မင်းက ပြောချင်သေးတယ်.. .....မင်းနဲ့ ငါနဲ့ နေတဲ့အိမ်ဘေးနားမှာ စစ်တပ်ကြီး ရှိတာ မင်းသိ ပါတယ်..အဲဒီတပ်ထဲက စစ်သားတွေ အဲဒီအလုပ် လုပ်တယ်လို့ မင်းကြားဖူး လို့လား..ရုရှားမှာရှိနေတဲ့ စစ်ဗိုလ်တွေ ထဲမှာကော အဲလိုလုပ်ဖူးတဲ့ သူရှိတယ်လို့ မင်းထင် လို့လား …သူတို့ တာဝန်ယူခဲ့တဲ့ တပ်စု၊ တပ်ခွဲတွေမှာကော အဲဒါမျိုးတွေ ရှိဖူး သလား ဆိုတာကို မေးကြည့်စမ်း ပါအုံး….တော်တန့် ရုံအရှုပ်အရှင်းတွေ ထဲမှာ မပါချင်လို့ဘာမှမပြောတာက အတယ်လို့မထင်ပါနဲ့…နောက်မှ ငါ ထပ် ပြော မယ် သူငယ်ချင်း…. အခုငါပြောသလောက် ကိုပဲမင်းစဉ်းစား ပါအုံး… မင်းဟာ ပြည်သူထဲက ပြည်သူ တစ် ယောက် ဖြစ်တယ်မင်းတိုင်းပြည်အတွက်အလုပ်လုပ်ပြီးရင် မင်းကိုယ်မင်း ဂုဏ်ယူဝံ့ကြွားပါ. ငါကပြည်သူထဲက စစ်သား တစ်ယောက် ဖြစ်တယ်..ငါ့ကိုယ်ငါ ဂုဏ်ယူတယ် သူငယ်ချင်း..ငါတို့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ယှဉ်နိုင် အောင် ကြိုးစားကြတဲ့ အချိန်မှာ ငါတို့လက်တွေ တွဲထားချင်တယ်…နောက်တစ်ခါ ထပ်ပြော လိုက်အုံး မယ် … ငါဟာ စစ်သား တစ်ယောက် ဖြစ်တယ် သူငယ်ချင်း…ပြီးတော့ ငါ့ကိုယ်ငါ ဂုဏ်ယူတယ်…
(ကျွန်တော့နှင့် ယုံကြည်ချက် နှလုံးသားချင်း ထပ်တူကျခြင်းနှင့် ဖော်ပြခွင့်ပေးသည့် အတွက်ပါ အစ်ကိုကြီးကိုစိုင်းအား ကျေးဇူးအထူးတင်လျှက်....)



အချစ်အဓိပ္ပါယ်

Love (အချစ်)ဟူသည်....
L....lake or sorrow (၀မ်းနည်းပူဆွေးရေအိုင်)
O.....ocean of tears(မျက်ရည်သမုဒ္ဒရာ)
V......valley of death(မာရဏတောင်ကြား)
E.....end of live(ဘ၀နိဂုံး)....ပါတဲ့။မှတ်ထားနော်....

ဟာသရွာ

“ဟာသရွာ”..ထိုရွာတွင် နေထိုင်ကြ သောသူများသည် ရွာ၏ဟာသ အစဉ်အလာအရ ဟာသမြောက်များစွာကို သိရှိထားသူ များဖြစ်သည်။အချင်းချင်း ဟာသ ပြောဆိုရာတွင် ဟာသတစ်ခုလုံး ပြောစရာ မလိုဘဲ ဟာသ အမှတ် စဉ် ကိုသာ ပြော၍ ရီကြခြင်းမှာ ရွာ၏ အစဉ်အလာ တစ်ခု ဖြစ်သည်။တစ်နေ့ ထိုရွာသို့ လူစိမ်းတစ်ဦး ရောက်လာသည်။ထိုသူသည် ရွာလူငယ်လေး များ၏ စကားဝိုင်း တစ်ဝိုင်းကို တွေရှိရာ ၀င်ရောက် နားထောင်မိ လေသည်။ထိုအချိန်တွင် ရွာသားတစ်ယောက်က ဟာသအမှတ်စဉ် ၈ ဟုအော်လိုက်ရာ အကုန်လုံး ၀ိုင်းရီ ကြလေသည်။ထို့နောက် ရွာသူလေး တစ်ယောက်က ဟာသ အမှတ်စဉ် ၁၁၉ ဟုအော်ရာ ၀ိုင်းရီကြ ပြန်လေသည်။ ထိုသို့ တစ်ယောက် တစ်လှည့် အမှတ်စဉ်အော်လိုက် ၀ိုင်းရီကြလိုက်နှင့် အချိန်တော်တော် ကြာလာ သောအခါ ထိုသူမှာ မနေနိုင်တော့ဘဲ အမှတ်စဉ်တစ်ခု ၀င်အော်ရင် ဆုံးဖြတ်လိုက်သည်။ထို့နောက် ရုတ်တရက် “ခဏ အမှတ်စဉ် ၁၄၄ ”..ဖြန်း....ဘေးမှ ရွာသူလေး တစ်ယောက် က ထိုသူအား ပါးရိုက်လိုက်ခြင်း ဖြစ်သည်။ထိုသူ ကြောင်သွားသည်။ထို့နောက် ရွာသူလေး က ထိုသူအား ပြောလိုက်ပုံက “ရှင် အဲဒီလို မိုက်ရိုင်းတဲ့ ဟာသတွေ ပြောရလား ဒီမှာ မိန်းကလေးတွေ ရှိတာ ရှင်မမြင်ဘူးလား”

နွားတစ်ကောင်၏ မှတ်တမ်း

ချစ်သူ အိမ်မှာ ကျွန်တော့် ရောက်နေ၏။ကျွန်တော်တို့ နှစ်ယောက် ဆိုဖာကြီးပေါ်တွင် အတူ ယှဉ်တွဲ ထိုင်လိုက်၏။ချစ်သူကို ကျွန်တော် တင်းတင်းကျပ်ကျပ် ဖက်ထား၏။ချစ်သူ ကလည်း တင်းတင်းလေး ပြန်ဖက်ထားလေသည်။ထို့နောက် သိပ်မကြာပါ။ ကျွန်တော်ကို အသာလေး တွန်းဖယ်ပြီး ရုတ်တရက် ထရပ်လိုက်သည်။ပြီးတော့ မီးခလုတ်ကို ထပိတ်လိုက်သည်။.........
ကျွန်တော် အရိပ်အချည်ကို ကောင်းစွာနားလည် လိုက်ပါသည်။သြော်..သူအိပ်ချင်ရှာ ပြီကို။
ကျွန်တော် သနားစိတ်ဖြင့် အသာထပြန်ခဲ့ပါသည်။

မိုက်ရိုင့်းပုံက

“ဒီခောတ်လူငယ်တွေများ မိုက်ရိုင်းလိုက်တာဗျာ မပြောချင်ပါဘူး”
ဘာဖြစ်လို့လဲဗျ.......
“အေးဗျာ ကျွန်တော်မနေ့ညက အရက်ဆိုင်က ထွက်လာတော့ ဘယ်ကောင် ကျွန်တော့် နားရွက် တက်နင်း သွားလဲ မသိဘူးဗျာ”

Friday, March 14, 2008

ဘရုကလင် တံတားပေါ်မှာ

အမေရိကန် နှစ်ယောက် ဘရုကလင် တံတားပေါ်တွင် ရပ်နေကြသည်။တစ်ယောက်က ပြောသည်။
ဟိုမှာ ပြင်သစ်တစ်ယောက် လမ်းလျှောက်လာတယ် တွေ့လား။ငါ တံတားပေါ်က ခုန်ချအောင် လုပ်ပြမယ်..
“စိန်လိုက်”
တစ်ဒေါ်လာကြေး နော်..
ရတယ်...ပထမ အမေရိကန်တစ်ယောက် ပြင်သစ်နား ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
“သတင်းကြား ပြီပြီလား ..ပြင်သစ်မှာ ဇိမ်ခံခန်း တွေအားလုံး ပိတ်လိုက် ပြီတဲ့”
ဲပြင်သစ်သား ခေါင်း ကိုလက်နှစ်ဘက် ဖြင့် ကုပ်၍ တံတားပေါ်မှ ခုန်ချ သွားသည်။
ထို့နောက် အင်္ဂလိပ် လူမျိုး တစ်ယောက် လာပြန်သည်..အမေရိကန် နှစ်ယောက် ဒေါ်လာ တစ်ရာကြေး ထပ်
လောင်း ပြန်သည်။ပထမ အမေရိကန်သည် အင်္ဂလိပ် အနားကပ် သွား၍ တိုးတိုး ပြောလိုက်ပြန် သည်။
“ ခင်ဗျား သိပြီးပြီလား ခင်ဗျား တို့ရဲ့ ဗြိတိသျှ ပါလီမန် အဆောက်အဦး ကြီးကို ဖျက်ပြီး အဲဒီနေရာမှာ ဇိမ်ခံခန်း
အကြီးစား ကြီးဖွင့်မယ်တဲ့ ”
အင်္ဂလိပ် စိတ်ဓတ်ကျစွာ ခေါင်းကုပ်လျှက် တံတားပေါ်မှ ခုန်ချသွားသည်။
ရုရှား တစ်ယောက် လျှေက်လာ ပြန်သည်..ဒေါ်လာ တစ်ထောင်ကြေး လောင်းပြန်သည်။ဒုတိယ အမေရိကန်က
ရုရှား ဘယ်တော့မှ ခုန်မချဟု ယုံကြည်စွာ ပြောသည်။ပထမ အမေရိကန်သည် ရုရှား နားကပ်၍ တိုးတိုး လေးပြော လိုက်သည်။
“ဒီမှာ သူငယ်ချင်း ကြိုတင် သတိပေး တာနော် .ဒီတံတားပေါ်က ဘယ်သူမှ ခုန်ချလို့ မရဘူး နော် စေတနာနဲ့
ပြောတာ”
“တားမြစ်ထားတယ် ဟုတ်လား။ကျုပ်က ဂရုစိုက်မယ် ထင်လားဗျာ.ဟင်း.”ဟုပြောပြီး ရုရှားသည် တံတားပေါ်မှ
ခုန်ချ သွားတော့သည်။ ။

အဖေ

အူဝဲ.. အူဝဲ...... ဟင် ကလေးငိုသံ ယောက်ျားလေး ဆိုပါလား.. ၀မ်းသာလိုက်တာ။ ငါသားလေး အသံကြားရတာ အားရှိလိုက်တာ၊ ဒီလို ၀မ်းသာပီတိမျိုး တစ်ခါမှ မရှိခဲ့ဘူးပါလား.. ဟုတ်တယ် ဒီလိုမျိုး တစ်ခါမှ ငါ့ဘ၀မှာ မရှိခဲ့ဖူးဘူး.. ငါ အဖေတစ်ယောက် ဖြစ်လာခဲ့ပြီလေ၊ ငါသားလေးရဲ့ အနာဂတ်ဟာ ငါဘ၀၊ ဟုတ်တယ် ငါသားလေးရဲ့ အနာဂတ်လှပဖို့ အရေးထက် ငါ့ဘ၀မှာ ဘာမှ အရေးကြီးတာ မရှိဘူး။ သားရယ် သားလေးပေးတဲ့ ကြည်နူးမှုတွေဟာ အဖေ့နှလုံးသွေးထဲထိ စီးဝင်နေပြီ ဆိုတာ သားလေးသိနိုင်သေးမှာ မဟုတ်ပါဘူးလေ။ဒါဆို ငါ့အဖေလည်း ငါ့လိုဘဲ တူညီတဲ့ ခံစားမှုတွေ ရှိခဲ့မှာပေါ့.ဒါဆို ငါအဖေကို ငါဘာလို့ အဖေလို့ ခေါ်ဖို့တောင် ရွံရှာခဲ့တာလဲ။ ငါမမွေး ခင်ကတည်းက ထောင်ကျနေတဲ့ ထောင်ထွက်ကြီးတစ်ယောက် မို့လို့လား ငါမှားပြီ.. မှားပြီ.. ငါကိုယ်ချငိးမစာတတ်ခဲ့ပါလား။ ငါတောင် မိနစ်အနည်းငယ်အတွင်း တွေ့ခွင့်ရမှာ သိလျှက်နဲ့ အရမ်း တွေ့ချင်နေခဲ့တာ၊ သူဆို အနှစ်နှစ်ဆယ် နီးပါးတွေ့ခွင့်မရှိတဲ့ သားတစ်ယောက်ကို ကြိုသိနေတဲ့ လူတစ်ယောက်။ ထောင်ထဲက ပင်းပန်းဆင်းရဲမှု၊ ရင်ထဲက ခံစားချက် ပင်းပန်း ဆင်းရဲမှု များစွာနဲ့ ဘယ်လိုနေခဲ့ဘာလိမ့် အဖေရယ်.. တစ်ကယ်တော့ အဖေဆိုတာ အမေလို သားသမီးတွေကို ကိုယ်တိုင် ရေခပ်မချိုးပေးပေမဲ့ ရေကို အဝေးကနေ အိုးထဲကို အပင်းပန်းခံဖြည့်ပေးတဲ့ လူဆိုတာ သားအဲဒီတုန်းက ဘာလို့ သဘောမပေါက်ခဲ့တာလဲ။ ဆိုက်ကားနင်းရင်း အဖေ့ကို လမ်းမှာတွေ့ရင် သူငယ်ချင်းတွေအရှေ့မှာ အဖေထောင်ထွက် ဆိုက်ကားသမားကြီးကို အဖေတော်ရမှာ ရှက်လို့ အဖေမဟုတ်ပါဘူးလို့ လိမ်ညာခဲ့တာတွေ အဖေသိလျှက်နဲ့ မသိချင်ဟန်ဆောင် မျိုသိပ်မျက်ရည်ကျခဲ့တာတွေဟာ အခုအချိန်မှာ သားရင်ကို ပိုပြီးမချိစေပါဘူး အဖေရယ်... အမေက ကိုယ်အဖေ့ကိုယ် ပြန်မပြောရဘူးလို့ ဆူတိုင်း ”ငါ့အမှားတွေပါ သားမှန်ပါတယ်.. ပြောပါစေ ငါ့အပြစ်နဲ့ ငါရှိပါစေ သားကိုမဆူပါနဲ့” မျက်ရည်ဝဲပြီး ပြောတတ်တဲ့ အဖေ့မျက်နှာကို မြင်ယောင်နေမိတယ် အဖေရယ်။ သားမွေးနေ့မှာ အဖေ၀မ်းသာအားရနဲ့ ဆွဲကြိုးပါးပါးလေး လက်ဆောင်ပေးတာကို ထောင်ထွက်ပစ္စည်းဆိုပြီး အဖေ့ရှေ့မှာ ဖြတ်ပြီှး လွှတ်ပြစ်ခဲ့တာကို အဖေကြည့်ရင်းနဲ့ အဖေ့မျက်နှာပေါ်က ကြေကွဲခံစားမှုများစွာကို သားစာမဖွဲတတ်ပါဘူး အဖေ.. အဲဒီ ဆွဲကြိုးလေးအတွက် အဖေ တစ်နေကုန်ဆိုက်ကားနင်း၊ အဖေကိုယ်တွင်းက ရောဂါများစွာကို ဆေးမကုဘဲ လများစွာ စုဆောင်းခဲ့ရတယ်ဆိုတာ သားသိတာ သိပ်နောက်ကျခဲ့ပါတယ် အဖေ.. အဖေ့ဘ၀ရဲ့ နောက်ဆုံးအချိန်ထိ အဖေ့အနားမှာ မနေခဲ့ဘူး။ လွဲမှားတဲ့ မနာတရားများစွာနဲ့ အဖေကို အဖေလို့ တစ်ခွန်း မခေါ်ခဲ့ဘူး။ အသိတရားဆိုးတွေနဲ့ အဖေကို အဖေလို တန်ဖိုး မထားခဲ့တဲ့ သားဆိုးတစ်ယောက်ကို တမလွန်ရောက်အဖေ တစ်ယောက် ခွင့်လွှတ်နိုင်ပါမလား သားရင်ထဲက အဖေ၊ အဖေလို့ အကြိမ်များစွာ ခေါ်နေသံတွေကို အဖေတစ်ယောက် အခုအချိန်မှာ မကြားနိုင်တော့ပါဘူးလေ.. ဘ၀ဆက်တိုင်း ဆုံတွေပါရစေ အဖေရယ်.. သားရင်ထဲက နောင်တ တရားများစွာနဲ့ အဖေ ကျေနပ်တဲ့အထိ ၀န်ချတောင်းပန် ကန်တော့ချင်လို့ပါ.. အဖေ တစ်ယောက် အပြုံးများစွာနဲ့ သားကို ကျေနပ်ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ရင်း...