Friday, March 14, 2008

အဖေ

အူဝဲ.. အူဝဲ...... ဟင် ကလေးငိုသံ ယောက်ျားလေး ဆိုပါလား.. ၀မ်းသာလိုက်တာ။ ငါသားလေး အသံကြားရတာ အားရှိလိုက်တာ၊ ဒီလို ၀မ်းသာပီတိမျိုး တစ်ခါမှ မရှိခဲ့ဘူးပါလား.. ဟုတ်တယ် ဒီလိုမျိုး တစ်ခါမှ ငါ့ဘ၀မှာ မရှိခဲ့ဖူးဘူး.. ငါ အဖေတစ်ယောက် ဖြစ်လာခဲ့ပြီလေ၊ ငါသားလေးရဲ့ အနာဂတ်ဟာ ငါဘ၀၊ ဟုတ်တယ် ငါသားလေးရဲ့ အနာဂတ်လှပဖို့ အရေးထက် ငါ့ဘ၀မှာ ဘာမှ အရေးကြီးတာ မရှိဘူး။ သားရယ် သားလေးပေးတဲ့ ကြည်နူးမှုတွေဟာ အဖေ့နှလုံးသွေးထဲထိ စီးဝင်နေပြီ ဆိုတာ သားလေးသိနိုင်သေးမှာ မဟုတ်ပါဘူးလေ။ဒါဆို ငါ့အဖေလည်း ငါ့လိုဘဲ တူညီတဲ့ ခံစားမှုတွေ ရှိခဲ့မှာပေါ့.ဒါဆို ငါအဖေကို ငါဘာလို့ အဖေလို့ ခေါ်ဖို့တောင် ရွံရှာခဲ့တာလဲ။ ငါမမွေး ခင်ကတည်းက ထောင်ကျနေတဲ့ ထောင်ထွက်ကြီးတစ်ယောက် မို့လို့လား ငါမှားပြီ.. မှားပြီ.. ငါကိုယ်ချငိးမစာတတ်ခဲ့ပါလား။ ငါတောင် မိနစ်အနည်းငယ်အတွင်း တွေ့ခွင့်ရမှာ သိလျှက်နဲ့ အရမ်း တွေ့ချင်နေခဲ့တာ၊ သူဆို အနှစ်နှစ်ဆယ် နီးပါးတွေ့ခွင့်မရှိတဲ့ သားတစ်ယောက်ကို ကြိုသိနေတဲ့ လူတစ်ယောက်။ ထောင်ထဲက ပင်းပန်းဆင်းရဲမှု၊ ရင်ထဲက ခံစားချက် ပင်းပန်း ဆင်းရဲမှု များစွာနဲ့ ဘယ်လိုနေခဲ့ဘာလိမ့် အဖေရယ်.. တစ်ကယ်တော့ အဖေဆိုတာ အမေလို သားသမီးတွေကို ကိုယ်တိုင် ရေခပ်မချိုးပေးပေမဲ့ ရေကို အဝေးကနေ အိုးထဲကို အပင်းပန်းခံဖြည့်ပေးတဲ့ လူဆိုတာ သားအဲဒီတုန်းက ဘာလို့ သဘောမပေါက်ခဲ့တာလဲ။ ဆိုက်ကားနင်းရင်း အဖေ့ကို လမ်းမှာတွေ့ရင် သူငယ်ချင်းတွေအရှေ့မှာ အဖေထောင်ထွက် ဆိုက်ကားသမားကြီးကို အဖေတော်ရမှာ ရှက်လို့ အဖေမဟုတ်ပါဘူးလို့ လိမ်ညာခဲ့တာတွေ အဖေသိလျှက်နဲ့ မသိချင်ဟန်ဆောင် မျိုသိပ်မျက်ရည်ကျခဲ့တာတွေဟာ အခုအချိန်မှာ သားရင်ကို ပိုပြီးမချိစေပါဘူး အဖေရယ်... အမေက ကိုယ်အဖေ့ကိုယ် ပြန်မပြောရဘူးလို့ ဆူတိုင်း ”ငါ့အမှားတွေပါ သားမှန်ပါတယ်.. ပြောပါစေ ငါ့အပြစ်နဲ့ ငါရှိပါစေ သားကိုမဆူပါနဲ့” မျက်ရည်ဝဲပြီး ပြောတတ်တဲ့ အဖေ့မျက်နှာကို မြင်ယောင်နေမိတယ် အဖေရယ်။ သားမွေးနေ့မှာ အဖေ၀မ်းသာအားရနဲ့ ဆွဲကြိုးပါးပါးလေး လက်ဆောင်ပေးတာကို ထောင်ထွက်ပစ္စည်းဆိုပြီး အဖေ့ရှေ့မှာ ဖြတ်ပြီှး လွှတ်ပြစ်ခဲ့တာကို အဖေကြည့်ရင်းနဲ့ အဖေ့မျက်နှာပေါ်က ကြေကွဲခံစားမှုများစွာကို သားစာမဖွဲတတ်ပါဘူး အဖေ.. အဲဒီ ဆွဲကြိုးလေးအတွက် အဖေ တစ်နေကုန်ဆိုက်ကားနင်း၊ အဖေကိုယ်တွင်းက ရောဂါများစွာကို ဆေးမကုဘဲ လများစွာ စုဆောင်းခဲ့ရတယ်ဆိုတာ သားသိတာ သိပ်နောက်ကျခဲ့ပါတယ် အဖေ.. အဖေ့ဘ၀ရဲ့ နောက်ဆုံးအချိန်ထိ အဖေ့အနားမှာ မနေခဲ့ဘူး။ လွဲမှားတဲ့ မနာတရားများစွာနဲ့ အဖေကို အဖေလို့ တစ်ခွန်း မခေါ်ခဲ့ဘူး။ အသိတရားဆိုးတွေနဲ့ အဖေကို အဖေလို တန်ဖိုး မထားခဲ့တဲ့ သားဆိုးတစ်ယောက်ကို တမလွန်ရောက်အဖေ တစ်ယောက် ခွင့်လွှတ်နိုင်ပါမလား သားရင်ထဲက အဖေ၊ အဖေလို့ အကြိမ်များစွာ ခေါ်နေသံတွေကို အဖေတစ်ယောက် အခုအချိန်မှာ မကြားနိုင်တော့ပါဘူးလေ.. ဘ၀ဆက်တိုင်း ဆုံတွေပါရစေ အဖေရယ်.. သားရင်ထဲက နောင်တ တရားများစွာနဲ့ အဖေ ကျေနပ်တဲ့အထိ ၀န်ချတောင်းပန် ကန်တော့ချင်လို့ပါ.. အဖေ တစ်ယောက် အပြုံးများစွာနဲ့ သားကို ကျေနပ်ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ရင်း...