Thursday, May 29, 2008

ငါအိုသွားသောအခါ

စာမေးပွဲရှိလို့ ဘာမှစဉ်းစားလို့ မရသေးတာနဲ့ အမျိုးသား စာပေဆုရ စာရေးဆရာကြီး မင်းသူရိန် ရေးတဲ့ စာသားလေးတွေကို ပြန်လည် ဖောက်သည်ချ လိုက်ပါတယ်။ငါအိုသွားသောအခါ ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ပါ။ဖတ်ဖူး ကြပါလိမ့်မယ်။မလွှဲ မရှာင်သာ တွေ့ကြုံရမယ့် အရာတစ်ခုကို ဖတ်ရင်းဖတ်ရင်းနဲ့ ပိုမို သဘောပေါက်လာခဲ့ ပါတယ်။မိတ်ဆွေများ အားလုံး နားလည်သဘောပေါက် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ငါအိုသွားသောအခါတဲ့.............................................

ငါအိုသွားသောအခါ ငါဟာ အရင်ကငါ မဟုတ်တော့ဘူး။ ငါကို စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ငါ့ကို နားလည်ပေးပါ။

ချိနဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့ အခါ၊ဖိနပ်ကြိုးတွေ ချည်ဖို့ မေ့သွားတဲ့ အခါ ငါကို မရွံပါနဲ့။ငယ်ငယ်တုန်းက ငါသင်ပေးခဲ့ တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောခဲ့ဘူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့ အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေကို အိပ်ရာဝင်တိုင်း မရိုးအောင်ပြောရင်း ချော့သိပ်ခဲ့ဖူးတာကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့ အခါ ငါကို မညိုညင်ပါနဲ့။ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့တဲ့ ပုံရိပ်လေးတွေကို မြင်ယောင်ပေးပါ။

ခောတ်သစ် နည်းပညာ သစ်တွေကို ငါမသိနားမလည်ခဲ့ရင် ငါကိုမလှောင်ပါနဲ့။ငယ်ငယ်တုန်းက 'ဘာကြောင့်' ဆိုတဲ့ မေးခွန်းတိုင်းကို ငါစိတ်ရှည်စွာ ပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကို ကူတွဲပေးပါ၊လမ်းလျှောက် သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက် သင်ခဲ့ပေးဖူးတာကို သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့ အခါ အချိန်ပေးပြီး စဉ်းစားခွင့် ပေးပါ။စကား အကြောင်းအရာတွေက ငါအတွက် အရေးမကြီးပါဘူး ဘေးကနေ ငါပြောသမျှကို နားထောင် ပေးရင်ကျေနပ်ပါပြီ။

တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါကိုကြည့်ပြီး ၀မ်းနည်း မနေပါနဲ့။နားလည် ပေးပါ၊အားပေးပါ၊ အရင်တုန်းက လူ့ ဘ၀ တက်လမ်း အတွက် ငါလမ်းညွှန် ခဲ့သလို အခုအချိန်တွေမှာ ငါဘ၀နောက်ဆုံး အချိန်အတွက် အဖော်ပြု ပေးပါ။အချစ်နဲ့ အေးမြမှုတွေအတွက် ငါပြုံးပြုံးလေး လက်ခံမှာပါ။အဲဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါမေတ္တာတွေကို တွေ့ရမှာပါ။